Thursday, September 27, 2012

မေတ္တာစာထဲက ပလေတို



John Robinsonက အင်္ဂလန်က ဒုက္ခိတတစ်ဦးဖြစ်တယ်။ သူ့မှာ ဘယ်လက်တစ်ဖက်သာရှိပြီး ကုတင်ပေါ်မှာပဲ လဲလျောင်းနေခဲ့ရတယ်။ ညာမျက်လုံးတစ်လုံးသာ အလင်းရခဲ့ပေမယ့် ဂျွန်ဟာ သူ့ကိုယ်သူ အမှောင်ထဲမှာ မပိတ်လှောင်ထားခဲ့ဘူး။ ဘုရားသခင်ပေးသနားတဲ့ တစ်ခုတည်းသော အလင်းမြင်နိုင်တဲ့မျက်လုံးနဲ့ သူစာတွေဖတ်ခဲ့တယ်။ အလင်းအနည်းငယ်သာ ရပေမယ့် မျှော်လင့်ခြင်းတံခါးကို သူအသေပိတ်မထားခဲ့ဘူး။ မရေရာတဲ့ဘဝမှာ မျှော်လင့်ချက်တစ်ခုကို သူစောင့်မျှော်နေခဲ့တယ်။ ဘာကို သူစောင့်မျှော်နေခဲ့သလဲ? ဒုက္ခဆင်းရဲခြင်းတွေ ပြည့်နေတဲ့ သူ့ဘဝအတွက် ဘယ်သူက နှစ်သိမ့်ခြင်းတွေ သယ်ဆောင်လာပေးနိုင်မလဲ?

တစ်နေ့ ဂျွန်သတင်းစာဖတ်နေခိုက် ဆောင်းပါးတစ်ပုဒ်ကို တွေ့လိုက်တယ်။ အဲဒီဆောင်းပါးက ဝေးခေါင်တဲ့ တောင်တန်းတစ်နေရာမှာ နေထိုင်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို ရေးထားတာဖြစ်တယ်။ ကောင်မလေးနာမည်က မေရီ(၂၉)နှစ်ဖြစ်ပြီး ဂျွန်နဲ့ရွယ်တူဖြစ်တယ်။ မေရီဟာလည်း ဂျွန်လိုပဲ အိပ်ရာပေါ်မှာသာ လဲလျောင်းခွင့်ရခဲ့တဲ့၊ လက်နှစ်ဖက်သာ လှုပ်ရှားနိုင်တဲ့ ဒုက္ခိတမလေးဖြစ်တယ်။

သတင်းစာဖတ်ပြီး ဂျွန်ခံစားသွားရတယ်။ အလင်းမြင်ရတဲ့ ညာမျက်လုံးတစ်ဖက်နဲ့ မေရီအတွက် နှစ်သိမ့်စာတစ်စောင် သူရေးလိုက်တယ်။ စာမှာ "ဘုရားသခင်က ကျွန်တော့်ကို မစွန့်လွတ်ခဲ့ဘူး။ ကျွန်တော့်ကို သေးငယ်တဲ့အလင်းပေးပြီး ကျွန်တော်နဲ့ဘဝတူ သူငယ်ချင်းကို တွေ့မြင်ခွင့်ပေးခဲ့တယ်"

ဂျွန်ကမေရီကို သူရဲ့ "ပျော်ရွှင်တဲ့ ဘဝအကြောင်း"ကို ရေးဖွဲ့ပြခဲ့တယ်။

"ကျွန်တော်မှာ ဘယ်လက်တစ်ဖက်သာရှိလို့ ညာလက်ရဲ့လုယူခြင်း ခံရမှာကို မစိုးရိမ်ရဘူး။ တစ်နေကုန် အိပ်ရာထက်မှာ လဲနေတဲ့အတွက် ကျွန်တော်ဟာ ရှေးဘဝက ပျင်းကြောထူတဲ့လူဖြစ်ပြီး အခုဘဝမှာ အိမ်ထဲအိမ်ပြင် မထွက်နိုင်ဆိုတဲ့ဆုကို တောင်းခဲ့ဟန်တူပါတယ်။ ကျွန်တော်ရဲ့ ပျော်ရွှင်ခြင်းတွေကို သိချင်သေးတယ်ဆိုရင် ကျွန်တော့်ဆီ စာပြန်ပါ" လို့ ရေးလိုက်တယ်။



 

(၃)လလွန်ပြီး မေရီဆီက ပြန်စာကို ဂျွန်ရခဲ့တယ်။ ဒီပြန်စာအတွက် သူ(၂)လတိတိ အချိန်ယူခဲ့ရကြောင်း မေရီက စာထဲမှာထည့်ရေးထားတယ်။ မေရီကဆက်ပြီး စာရေးရတဲ့အလုပ်ဟာ သူ့အတွက် ခက်ခဲတဲ့အလုပ်ဖြစ်ပေမယ့် ကြီးမြတ်ကြောင်း၊ ဂျွန်ရဲ့စာထဲကနေ သူတစ်ခါမှ မရခဲ့ဖူးတဲ့ ပျော်ရွှင်မှုတွေ ရခဲ့ကြောင်း၊ ဘဝရဲ့လှပမှုကို ခံစားရကြောင်း ရေးထားတယ်။ အဲဒီနောက်ပိုင်း ဒုက္ခိတလူနှစ်ဦးရဲ့ စာတွေဟာ မရပ်မနား လူးလားခေါက်ပြန် ရှိခဲ့ကြတယ်။

တစ်နေ့မှာ ဂျွန်ထင်မှတ်မထားတဲ့ လက်ထပ်ခွင့်တောင်းတဲ့ စာတစ်စောင်ကို မေရီဆီက ရရှိခဲ့တယ်။ စာထဲမှာ မေရီက "ငါတို့နှစ်ယောက် အတူနေခွင့်မရှိပေမယ့် စိတ်ဝိညာဉ်ခြင်း ရိုင်းပင်းကူညီနိုင်တဲ့၊ အချင်းချင်းဂရုစိုက်၊ အားပေးနိုင်တဲ့ လင်မယားဖြစ်ခွင့်တော့ရှိပါတယ်။ နင် သဘောတူလား?"

စာမြန်မြန်ပြန်နိုင်ဖို့ ဂျွန်ဟာ တုန်ရီနေတဲ့ဘယ်လက်နဲ့ စာတိုတိုလေးပဲ ရေးဖြစ်ခဲ့တယ်။

"မေရီ.. နင်ဟာ သတ္တိရှိ၊ ထက်မြက်ရိုးသားပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးဖြစ်တယ်။ နင်ရဲ့တောင်းဆိုမှုကို အကြိမ်ထောင်သောင်း ငါလက်ခံတယ်။ ဒီစာကို နင်လက်ခံရရှိတဲ့အချိန် နင်ဟာငါ့ဇနီးဖြစ်သွားပါပြီ။ ငါတို့သေဆုံးချိန်မှာ နှစ်ယောက်အတူမြှုပ်နှံခွင့်ရဖို့ ငါမျှော်လင့်တယ်"

သူတို့နှစ်ယောက်ရဲ့အချစ်က ဒီလိုနဲ့ပဲ မွေးဖွားခဲ့ကြတယ်။ ဘုရားသခင် အလိုမရှိတော့တဲ့ လူနှစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ အချစ်တွေဖူးပွင့်ခဲ့ကြတယ်။ သူတို့ရဲ့ဘဝမှာ ရောင်စုံတွေစပြီး ထွန်းတောက်လာခဲ့တယ်။ အဖြူအမည်းဘဝကို သူတို့ကျောခိုင်းလိုက်ကြတယ်။

တစ်နေ့တာ မိုးသောက်ရောင်ခြည် ထွက်ပေါ်လာတာနဲ့ ဂျွန်က "ချစ်ရတဲ့ မေရီ.. မင်္ဂလာနံနက်ခင်းပါ" လို့ တစ်ယောက်တည်း ရေရွတ်နေတတ်တယ်။ ပြီးတော့ သူတွေ့မြင်သမျှ မေရီကို တိုင်တည်နေခဲ့တယ်။

တစ်ညတာ လရောင်ကုတင်ရှေ့ရောက်တာနဲ့ မေရီက "ချစ်ရတဲ့ ဂျွန်… မင်္ဂလာညချမ်းပါ" လို့ ရေရွတ်ရင်း သူတွေ့မြင်ခဲ့တာတွေက ဂျွန်ပေးတဲ့ပျော်ရွှင်မှုတွေလို့ သတ်မှတ်လိုက်တယ်။

ဒီလိုနဲ့… စာအဆက်အသွယ်နဲ့ ညားခဲ့ကြတဲ့ "လင်မယား" တို့ရဲ့ စိတ်ချင်းဖေးမကြတဲ့ တစ်ဘဝစာချစ်ခရီးက စတင်ခဲ့ကြတယ်။ စာထဲမှာ သူတို့တေးဆိုကြတယ်။ တွဲဖက်ညီညီ သီကျူးကြတယ်။ ဂျွန်က သူဖတ်ခဲ့တဲ့ ပုံပြင်တွေ မေရီကိုပြောပြသလို မေရီကလည်း သူ့ခံစားရသမျှ ဂျွန်ကိုပြောပြတတ်တယ်။ နှစ်ဦးစလုံးရဲ့ ခံစားချက်တွေကို စာအဖြင့်ချရေးတော့ သူတို့ရဲ့အချစ်ကဗျာတွေ ဖြစ်သွားခဲ့တယ်။ သူတို့အများဆုံး ပြောဖြစ်တာ၊ ဖြစ်ချင်တာက သေဆုံးပြီးနောက် အတူမြှပ်နှံဖို့ဖြစ်တယ်။

၁၉၉၄ခုနှစ် အသက်(၆၃)နှစ်ထိ ဂျွန်အသက်ရှင် နေထိုင်ခဲ့တယ်။ လူတွေက ဂျွန်သေဆုံးတဲ့သတင်းကို "ချစ်ဇနီး" မေရီဆီ အကြောင်းကြားခဲ့တယ်။ သတင်းကြားပြီးနောက် ချိန်းထားသလား ထင်ရလောက်အောင် မေရီလည်း လူ့ဘဝထဲက ထွက်ခွါသွားခဲ့တယ်။ မေရီ့မျက်နှာပေါ်က ပျော်ရွှင်၊ ကျေနပ်ခြင်းကို လူတွေတွေ့ခဲ့ကြတယ်။ လူတွေက သူတို့နှစ်ယောက်ရဲ့ ပြာအိုးကိုအတူမြှုပ်နှံပေးပြီး မှတ်တိုင်မှာ ဂျွန်နှင့်မေရီဆိုတဲ့ အမည်နှစ်ခုကို နေပူပူ၊ မိုးရွာရွာ မခွဲစတမ်း ပူးပူးကပ်ကပ် ရေးထိုးပေးလိုက်ကြတယ်။

နိုင်းနိုင်းစနေ

No comments:

Post a Comment